ကိုယ့်ရင်သွေးလေး ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးနေရဲ့လား
အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုမိုင်တိုင်များနှင့် သတ်မှတ်ကြည့်ရှုနိုင်ပါတယ်နော်။ ကလေးများ ကြီးထွားဖွံ့ဖြိုးတယ်ဆိုတာ ခန္ဓာကိုယ်နှင့် ဦးနှောက်ဖွံ့ဖြိုးမှု၊ အာရုံခံစားနိုင်မှု၊ ကိုယ်လက်လှုပ်ရှားထိန်းချုပ်နိုင်မှု၊ စိတ်ခံစားမှု အားလုံး ဘက်စုံဖွံ့ဖြိုးလာတာကိုခေါ်တာပါ။ ကလေးလေးတွေ ဘဝအစမှာ ဘယ်လိုမိုင်တိုင်လေးတွေ ဖြတ်ကျော်သွားသလဲ? ကိုယ့်ရဲ့ရင်သွေးလေးဟာ စနစ်တကျဖွံ့ဖြိုးမှုရှိနေရဲ့လားဆိုတာကို သိနိုင်စေဖို့ ဒီစာစုလေးကို ဆက်ဖတ်ကြည့်ရအောင်နော်။
- ၁ လ
ကလေးငယ်ဟာ အသံကြားရင် အသံလာရာဘက်ကို စူးစမ်းဖို့ကြိုးစားပါတယ်။ လက်ချောင်းလေးများက နို့စို့နေစဥ် မေမေ့ကို ကိုင်တွယ်ပါမယ်။ သူ့ ပါးစပ်နားကိုလည်း ကိုင်တွယ်ပါတယ်။ ဝူးဝူးဝါးဝါးအသံထွက်ဖို့ ကြိုးစားပါတယ်။
သူ့ခြေလက်လေးကို ဆန့်ပေးခြင်း၊ ငြိမ့်ညောင်းတဲ့အသံလေးများ ဖွင့်ပေးခြင်း၊ စကားပြောပေးခြင်းများ ပြုလုပ်ပေးပါ။
- ၁ လခွဲ မှ ၂ လခွဲ
မှောက်ထားရင် ပက်လက်ပြန်လှန်ဖို့၊ ပက်လက်ထားရင်လည်း ဘေးကိုလှိမ့်ဖို့ ကြိုးစားပါတယ်။ အဲအဲ စတဲ့ အသံလေးများပြုနေပါပြီ။
- ၃ လ
မှောက်ထားရင် ခေါင်းလေး ခပ်ကြာကြာ ထောင်မတ်နေနိုင်ပါပြီ။ ခြေထောက်လေးများက မြင်ရာကို လှမ်းကန်ထိတွေ့ပါမယ်။ အရုပ်လေးတွေပေးလိုက်ရင် ဆုပ်ကိုင်ထားပါတယ်။ အသံပြုရင်လှမ်းကြည့်တာ၊ သူ့ကို စကားတွေပြောပေးရင် အသံလေးတွေနဲ့တုန့်ပြန်တာ၊ ပြုံးနေတာလေးတွေလုပ်ပါတယ်။
သူ့ဘာသာလိမ့်၊ မှောက်၊ လှန်နိုင်အောင် ကူပေးပါ။ စကားပြောပေးပါ။
- ၆ လ
ဝမ်းလျားမှောက်တတ်လာပြီး လူကြီးက ထိန်းထားရင် ထိုင်နေနိုင်ပြီ။ တစ်ခုခုကိုကိုင်ပြီး ပါးစပ်ထဲထည့်တတ်၊ ဆုပ်ကိုင်ရမ်းကောက်ပေါက်တတ်နေပါပြီ။ မျက်နှာမှာ ခံစားမှုများ စတင်ဖော်ပြတတ်လာပါပြီ။ နှစ်လုံးတွဲ အသံလေးများလည်း ပြောနိုင်နေပြီ။
လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးထားပါ။ ရုပ်ပုံလေးတွေပြ၊ စာဖတ်ပြပေးနိုင်ပါ။ ဖြည့်စွက်စာ စကျွေးလို့ရပါပြီ။ ကလေး အိပ်ချိန်မှန်အောင်လည်း စကျင့်ပေးလို့ရပါပြီ။
- ၉ လ မှ ၁၀ လ
သူ့ဘာသာထိုင်၊ တွားသွားပြီ။ လက်ဖြင့် တစ်ခုခုကို ကောက်တတ်လာပါပြီ။ သုံးလုံးတွဲအသံလေးများလည်း ပြောနိုင်နေပြီ။
ကြွက်သားတွေသန်မာလာအောင် ဘောလုံးလေးတွေလှိမ့်ပေးပြီး လိုက်ဖမ်းခိုင်းနိုင်ပါတယ်။ ရောင်စုံရုပ်ပုံလေးတွေပြပြီး သင်ပေးနိုင်ပါတယ်။
- ၁ နှစ်
ခုန်ကိုကိုင်ပြီး မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားပြီ။ ဘေးအကူအညီဖြင့် လမ်းစလျှောက်ပါပြီ။ ဖေဖေမေမေခေါ်တာ၊ အစားစားရင် ဇွန်း၊ ခွက်လေးတွေကို ကိုင်တာ၊ ရယ်မောကစားတာ၊ လက်ခုပ်တီးတာလည်း လုပ်နိုင်နေပါပြီ။
- ၁ နှစ်ခွဲမှ ၂ နှစ်
သူ့ဘာသာ လမ်းလျှောက်တတ်ပါပြီ။ လှေကား နှစ်ဆင့်လောက်ကို တက်ဖို့ ကြိုးစားပါတယ်။ အတုံးလေးတွေ ဆင့်ခြင်း၊ စီထပ်ခြင်းလုပ်နိုင်ပါပြီ။ သူ့ လက်နဲ့အစာကိုင်စားစပြုလာပါပြီ။ စကားလည်း နှစ်လုံး၊ သုံးလုံးတွဲများကို ပြောပါပြီ။
အတူကစားပေးခြင်း၊ လက်ဖြင့် ညွှန်ပြခိုင်းခြင်း လုပ်ပေးပါ။
- ၃ နှစ်
လှေကားတက်၊ လမ်းလျှောက်ပြေးလွှား၊ ခုန်ပေါက်ခြင်း ပြုလုပ်နေပါပြီ။ စက်ဝိုင်းပုံလိုက်ဆွဲခြင်း၊ အတုံးလေးများ မြင့်မြင့်စီခြင်း လုပ်နိုင်နေပြီ။ စကားများများပြော၊ ဂဏန်းလေးတွေရွတ်နိုင်သလို သူ့ နံမည်၊ အသက်တို့ကို ပြောပြနိုင်လာပါပြီ။
ကလေးကို ချီးမွှမ်းအားပေးပါ။ ကစားလျှင်လည်း ဝေးဝေးက စောင့်ကြည့်လွှတ်ပေးထားပါ။ အစားသေချာစားတတ်အောင်၊ လက်ဆေးတတ်၊ အိမ်သာဝင်တတ်အောင် သင်ပေးပါ။ လက်ချောင်းပန်းချီဆွဲခြင်း၊ သဲ၊ ဂျုံ နယ်ခြင်း စတာတွေကို ကစားခိုင်းပါ။ ပတ်ဝန်းကျင်နဲ့ဆက်ဆံနိုင်အောင် မူကြိုလိုကျောင်းမျိုး စပို့ထားလို့ရနေပါပြီ။
- ၅ နှစ်
ကစားခုန်စားမျိုးစုံ လုပ်နိုင်ပြီ။ စာလုံး၊ မျဥ်းကြောင်းလေးများကို ကောင်းစွာလိုက်ရေးနိုင်ပြီ ဖြစ်ပါတယ်။
စနစ်တကျပြုစုပျိုးထောင်ခြင်းခံခဲ့ရမယ်ဆိုရင် ကလေးငယ်ဟာ ပတ်ဝန်းကျင်ထဲဝင်ဆံ့ကာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ဖြတ်လတ်နေမှာပါ။
ကလေးကို မွေးစမှစပြီး သူ့ ဖွံ့ဖြိုးမှုအလိုက် တဆင့်ချင်းပံ့ပိုးသွားခြင်းဖြင့် ကျန်းမာပြီး ဉာဏ်ရည်ပြည့်ဝတဲ့ ကလေးငယ်လေးများ ဖြစ်လာအောင် ပြုစုပျိုးထောင်ကြရအောင်နော်။
ဒေါက်တာ ယုမွန်